မင်းဘူး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ဧက (၇၅၀)ကျော် အကျိုးဖြစ်ထွန်းနိုင်မည့် (၂၁၃) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ်ကို ယမန်နေ့ နံနက်ပိုင်းက ကမ်းနီလျှပ်စစ်မြစ်ရေတင် ရုံးဝင်းအတွင်း၌ စတင်အသုံးပြု ဖွင့်လှစ်လိုက်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကမ်းနီလျှပ်စစ်မြစ်ရေတင် ရုံးဝင်းအတွင်း၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှ (၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်ရေး လုပ်ငန်းကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၂၃၅.၅၄၅)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Myanmar Solar Power Trading ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ (၂၁၃)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် အကျိုးပြု ဧရိယာ (၇၅၇) ဧကအနက် လျှပ်စစ်မြစ်ရေတင်စနစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါး (၁၈၆)ဧကနှင့် အခြားသီးနှံ ဧက(၅၀၀)တို့ကို စိုက်ပျိုးရေဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုလာစနစ်ကို တပ်ဆင်သုံးဆွဲနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျော့ချနိုင်မည့်အပြင် မီတာယူနစ် ကုန်ကျစရိတ် သက်သာခြင်းနှင့် စိုက်ပျိုးရေ ရယူရာတွင်လည်း စဉ်ဆက်မပြတ် ဖြန့်ဝေဆောင်ရွက် ပေးနိုင်ခြင်းတို့အတွက် တောင်သူများ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုများစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မောင်မောင်(မင်းဘူး)