မင်းဘူး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူ များသည် ရာသီပြောင်းသော်လည်း ဈေးမကျသော ဖူးစားပြောင်းများကို စိုက်ပျိုးသူများလာကြောင်း ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့်ဆောင်းတွင် စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျ သွားနိုင်သောကြောင့်ဖြစ်သည်။
ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လ အတွင်းခုတ်၍ ရောင်းချနိုင်သည်။ မင်းဘူးမြို့၏ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၂၀၀၊ လက်ကားဈေး ကျပ် ၁၈၀ ဈေးပေါက်နေသည်။ ပြေင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်းစေသည်။ ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေး ဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြု စိုက်ပျိုးကြသည်၊၊
ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များပို၍ ရှင်သန်ကြီးထွားပြီး အဖူးများကိုလည်း ချောစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး၊ တစ်ပင်ကို သုံးဖူး/လေးဖူး အထိဖူးကာ ပြောင်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြသောကြောင့် အားထား၍ ပိုမိုစိုက်ပျိုးလာကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးသူ ဦးဆန်းထွန်းထံမှ သိရသည်။
ဇေယျာထက် ( မင်းဘူး )