ကန့်ဘလူ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထိုသို့ဖွံ့ဖြိုးရေး လုပ်ငန်းများကို အခွန်အခများဖြင့် လုပ်ဆောင်ရသည်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အတွက် မြို့မိမြို့ဖအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု စာရင်းများ ဆောင်ရွက်ပေးနေမှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်မိရပ်ဖများက မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့မိမြို့ဖ ရွေးချယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် မြို့နယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)