မင်းဘူး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီ ၁၀ ရက် (ယမန်နေ့) နေ့လည်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကိုင်းတောကြီးကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် မင်းဘူးခရိုင် ထွေ/အုပ်ရုံး စုပေါင်းရုံး လေးထပ်ဆောင် ဆောက်လုပ် နေမှုအခြေအနေများကို သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်မန်းကျေးရွာသို့သွားရောက်၍ အခြေခံပညာ ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေကျပ် (၂၀၇.၄၈)သန်းဖြင့် (အလျား ပေ ၁၄၀ x အမြင့် ပေ ၃၀) RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ဒေသခံ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြမှုများကို ဖြည့်စည်း ဆောက်ရွက်ပေးကာ ဒေသခံတောင်သူဦးကြီးများ အနေဖြင့်လည်း မိမိတို့ဒေသ အကျိုးစီးပွားများ ဖြစ်ထွန်းစေမည့် ကုန်ထုတ်သမအသင်းများဖွဲ့စည်း ဆောင်ရွက်သွားရန် မှာကြားပြီး ကျောင်းသားများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ယဉ်ကျေးလိမ်မာ စာအုပ်များကို ထောက်ပံ့ ပေးအပ်၍ ကျောင်းသားများ တက်ရောက်ပညာသင်ကြားနေမှု များကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုင်းတောကြီးကျေးရွာသို့ ရောက်ရှိပြီး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ရှင်းလင်းဆောင်တွင် ဒေသခံ တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများ၏ လယ်ယာကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူချောမွေ့လျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်ရန် ယခုလမ်းကို ဖောက်လုပ် ပေးရခြင်းဖြစ်ကြောင်း၊ လမ်းရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများ၏ တင်ပြချက်နှင့် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်စည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြေနီကျောက်စရစ် ကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ လမ်းအရှည် 1/1.2 mile ၊ အကျယ် ၁၄ ပေ၊ ထု ၁ ပေ ၉ လက်မဖြင့် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၄၀.၂၂၀)သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စင်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးသွားပါက ကျေးရွာပေါင်း (၄)ရွာမှ အိမ်ခြေပေါင်း (၃၅၅)အိမ်၊ လူဦးရေ (၁၆၀၀)ဦး၏ အကျိုးပြု စိုက်ဧကပေါင်း (၂၂၀၀)ကျော်မှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး (၄)ထပ်ဆောင် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်ပြီး အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ ဆောင်ရွက်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)