ပလောက် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော် ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာ ခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်၍ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူး စက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ် သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် စသည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် ပလောက်