ပုလောမြို့နယ်၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး Talk Show ပြုလုပ်

ပုလော  ဇန်နဝါရီလ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး  Talk  Show  ကို ယမန်နေ့  နံနက် (၁၁)နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပခဲ့သည်။

အဆိုပါ Talk  Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနိုင်သည့် နည်းလမ်းများကို သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Talk Show ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပုလောမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ် လျှပ်စစ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုက လျှပ်စစ်သုံးစွဲမှုသည် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လွန်စွာအရေးပါလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် သုံးတက်လျှင် ကောင်းကျိုးကို ခံစားရ မည်ဖြစ်ပြီး မသုံးတတ်လျှင်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွား၍ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးစေနိုင်ကြောင်း၊ ဒါ့ကြောင့် လျှပ်စစ် သုံးစွဲရာတွင် အန္တရာယ် မဖြစ်စေရန် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များနှင့်အတူ လျှပ်စစ် အသုံးပြုသည့် တီဗီကြည့်ခြင်း၊ နေအိမ်များတွင် မီးထွန်း ခြင်း၊ ရေစုပ်/ရေတင်ခြင်း၊ ပန်ကာ၊ လေအေးပေးစက်၊ ရေနွေးကျိုခြင်းနှင့် လျှပ်စစ်မီးပူ အသုံးပြုခြင်း၊ သီးပင်စားပင်နှင့် အလှပင်များ ရေလောင်းရာတွင် လျှပ်စစ်ချွေတာသုံးစွဲရန် နည်းလမ်းများကိုအသေး စိတ်ဆွေးနွေးခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရေး နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ်စာစောင်တွင် ပြသထားရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)