ကော့သောင်းမြို့ကျက်သရေဆောင်ပြည်တော်အေးစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်

ကော့သောင်း ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးအား လာမည့် တပေါင်းလပြည့်နေ့တွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း စေတီတော် ရွှေသင်္ကန်း ကပ်လှူပူဇော်ရေး ကော်မတီထံမှသိရသည်။

မြန်မာနိုင်ငံတောင်ဖက်စွန်း ထိုင်း-မြန်မာနယ်စပ်မြို့ပင်လယ်ဝန်းရံလျှက် ရှိသည့် ကော့သောင်း မြို့သည် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရာမြို့တစ်မြို့ဖြစ်ပြီး စေတီဘုရား ကျောင်းကန်နှင့် သာသနိကအဆောက်အအုံ များဖြင့် တင့်တယ်ကြည်ညိုဖွယ်ရာများအနက် ရှေးအစဉ်အဆက် ကတည်းက မြို့တွင်အစောဆုံး တည်ထားကိုးကွယ်ထားခဲ့သည့် မြို့ကျက်သဆောင် ပြည်တော် အေးစေတီတော်ကြီးသည် သဘာဝရာသီဥတုဒဏ်ကြောင့် စေတီတော်တွင်ရွှေသား များနည်း ပါးလာခြင်း၊ စေတီတော်အတွင်းမှ သစ်စေးများယိုထွက်လာမှုကြောင့်စေတီတော် တင့်တယ်သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်စေရန် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ ၏သြဝါဒခံယူကာ ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့မိမြို့ဖ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အားမွမ်းမံပြင်ဆင်ကာ စေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ပြန်လည်ကပ်လှူပူ ဇော်သွားမည်ဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့်နှင့်လျှော်ညီစွာ ဗုဒ္ဓသာသနာတော်အစဉ်ထွန်းလင်းတောက်ပနေစေရန် ရည်ရွယ်ကာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအလှူရှင်များ၊ ရပ်နီး ရပ်ဝေးရောက်ရှိနေကြသည့် မြို့ခံစေတနာရှင်အလှူရှင်များမှ စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရန် လှူဒါန်းပါဝင်ကုသိုလ်ပြုနိုင်ရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းကာ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။       

ကျော်စိုး(ကော့သောင်း)