အရာတော်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်

အရာတော်      ဇန်နဝါရီ    ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့ နံနက်(၉) နာရီအချိန်က အရာတော်မြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် ပြည်သူများ အတွက်စိုးရိမ် ရသည့် မျိုးကွဲဖြစ်သည့်အတွက် အရာတော်မြို့ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ် အတွင်း၌သာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေ ထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာတွင် နေထိုင်ပြောဆိုကြရန်၊ လက်တွင်ကပ်ပါ လာနိုင် သည့် ဗိုင်းရပ်စ်ပိုးများကိုသေစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀) ကြာအောင်ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ဧည့်သည်များလက်မခံကြရန်၊ မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်း မပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း ရှောင်ကြရန်၊ မိမိတို့နေ အိမ်များရှိ ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်း‌မွန် သည့်နေရာတွင် နေထိုင်ကြရန် စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာထားသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် မြို့ပေါ်လူ စည်ကားရာ နေရာများ၊ စျေးများနှင့်လမ်းဆုံများတွင် အသိပေးနှိုးဆော် ကြေညာပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)