ချောက်မြို့နယ် အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

ချောက် ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ ဒေသခံပြည်သူများ ကိုယ်လက်ကြံခိုင် သန်စွမ်းစေရန်၊ အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချောက်မြို့နယ် အားကစားကွင်းအတွင်း၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်၊ မြို့နယ်အားကစားကွင်းအတွင်း ယခင်က ပွဲကြည့်စင်သာရှိခဲ့ရာ ယခုအခါ မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေပြီဖြစ်ရာ အဆိုပါ(၁၂၀'×၆၀')ပေ မိုးလုံလေလုံ အားကစားခန်းမကို မြို့နယ်အား ကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျတ်ရန်ပုံငွေကျပ် (၁၉၃သန်း)ဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီးArt Wave Co., Ltd မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ရာ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)