ဖားဆောင်း၌ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင်ရာ ပညာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

ဖား​ဆောင်း သြဂုတ် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့) မှ ကျင်းပပြုလုပ်သော စတုတ္ထနှစ်စက်ဝန်း၏ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင် ရာ မြို့နယ်ပညာရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးဆော်ရယ်မှ ထပ်ဆင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်း​ဆောင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးသန်းဝင်းစိုးက ပြောကြားရာတွင် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများဖြစ်သည့် အခြေခံအဆောက်အဦများကို ရေရှည်တည်တံ့၍ ဆက်လက်ထိန်းသိမ်းသွားနိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လက်အောက်သို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး ပညာရေးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းဆိုင်ရာများကို ပထမအဆင့်ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများသို့ အသီးသီး ပေးအပ်ခဲ့ကာ ပညာရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)