မြဝတီ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊မြဝတီမြို့၊ မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ထပ်ဆောင်း ကာကွယ်ဆေး(Booster dose) ထိုးနှံနိုင်ရေး လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသက်လွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ၆ လနှင့်အထက် ရှိသူများကို ထပ်မံ ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ထိုးနှံပေးရာတွင် စနစ်တကျ ရှိစေရေးနှင့် မကျန်ရှိစေရေးအတွက် စာရင်းများ ပြုစုပေးပို့သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် အချိန်မီ ပြီးစီးစေရေး အားလုံး ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးဖြူက ပထမအကြိမ် ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားပြီးသူများ သည် ၆ လအထိ ကိုယ်ခံအားကောင်းမွန်ပါကြောင်း၊ ၆လ ကျော်ပြီဆိုပါက ကိုယ်ခံအား လျော့နည်းလာပြီး ယခုအခါ အိုမီခရွန်လည်း ပျံနှံလာတာကြောင့် အခုလို အပိုဆောင်း ထပ်မံထိုးနှံပေးတာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန် ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်