ဖျာပုံ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်ကဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု လုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ပြုလုပ်ကြသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်ဒေသရှိ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တစ်ခု တတ်မြောက်ခြင်းအားဖြင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် အလုပ်အကိုင်ရရှိခြင်း ၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမာက သင်တန်းသူများ အနေဖြင့်မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိပြီး မိမိတို့ သင်ယူထားသော အတတ်ပညာဖြင့် အကျိုးရှိစွာ အသုံးချတတ် စေလိုကြောင်း ပြောကြားပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး၊ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့်တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်၊။ အဆိုပါသင်တန်းအား ဖျာပုံမြို့နယ် အတွင်းရှိ သလိပ်ကြီးကျေးရွာ၊ ကျုံကူကျေးရွာ၊ ကိုးအိမ်တန်းကျေးရွာတို့မှ သင်တန်းသူ(၃၀)ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ(၁၃-၁၂-၂၀၂၁) မှ (၁၁-၁-၂၀၂၂)အထိ ပိတ်ရက်မရှိ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။