လှိုင်းဘွဲ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာရှိ ဘုတ်ဆည်မှ ဆည်ရေကိုအသုံးပြု၍ နွေစပါးအဖြင့် ဆင်းသုခစပါးမျိုးကိုတောင်သူများက စနစ်တကျ ပျိုးထောင်လျက်စိုက်ပျိုးနေကြကြောင်း သိရှိရသည်။
ရေဘုတ်ရေလှောင်တမံဆည်မှ တူးမြောင်းအလျား- ၃၃၀၀၀ပေ(၆ ဒဿမ ၂၅ မိုင်)၊အောက်ခြေအကျယ်(၅ ဒဿမ ၅ ပေ)၊ရေထုစီးနှုန်း(၇၂)ကုဗပေ/စက္ကန့်ဖြင့် အကျိုးပြုစိုက်ဧက(၁၅၀၀)အတွက် ဆည်ရေများကို ပေးဝေလျက်ရှိသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြစိုက်ကွက်အဖြင့် ဆင်းသုခမျိုးစပါးကို မျိုးစေ့ချကိရိယာဖြင့်(၁၀)ဧက၊ ပျိုးနုတ်ကောက်စိုက်(၅)ဧကကိုစိုက်ပျိုးပြီးစီးခဲ့ပြီး၊ သမ္ဘာန်၊ ထီလုံ၊ သပုတို၊ နောင်သငဲ့ စသည့်ကျေးရွာများရှိ တောင်သူများမှ နွေစပါး စိုက်ဧက(၅၀)ကျော်၊ ဟင်းသီး/ဟင်းရွက်နှင့် ပဲမျိုးစုံ စိုက်ခင်းစုစုပေါင်း စိုက်ဧက(၁၂၉)ဧကို ရေဘုတ်ဆည်မှ ဆည်ရေဖြင့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ ရေဘုတ်ဆည်၊ စိန်ပန်းမြိုင်ဆည်၊ ဘာဝရေဝင်နှင့် ရေဝေ၊ ရေလဲ ဧရိယာအတွင်းရှိ လယ်မြေများတွင် ဒေသနေတောင်သူများက နွေစပါး စုစုပေါင်း(၁၉၂၉၀)ဧကကို နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက ရှင်းပြသည်။
လင်းသန့်(ပြန်/ဆက်)