ပဲခူး ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည်အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲဖြစ်သည့်အတွက် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ် အတွင်းမှာသာ နေထိုင်ကြရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေ အကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ရန် စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် မြို့ပေါ် လူစည်ကားရာနေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေးနှိုးဆော် ကြေညာလျက် ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)