ဝက်လက် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးတွင် ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်အတွင်း ကျေးရွာအသီးသီးရှိ ဒေသခံ တောင်သူများကို ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲနည်း အသိပညာပေး သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က စပါးသီးနှံ အပါအဝင် သီးနှံပင်များ အဟာရဓာတ် လိုအပ်ချက်ကိုသိရန်၊ အရွက်အရောင်တိုင်း ကဒ်(LCC)ကဒ်ဖြင့် တိုင်းတာပြီး ယူရီးယား ဓာတ်မြေသြဇာ ထည့်ရာတွင် နွားချေး (သို့မဟုတ်) သဘာဝမြေသြဇာ တစ်မျိုးမျိုးဖြင့်ရောပြီး နွားချေးသုံးဆနှင့် ဓာတ်မြေသြဇာ တစ်ဆ(၃:၁)ရောပြီး ကျွေးခြင်းသည် သာမာန်ကျွေးခြင်းထက် ပိုမို အကျိုးရှိပါကြောင်းနှင့် သီးနှံကြီးထွားမှု အဆင့်တိုင်းတွင် စနစ်တကျ ထည့်သွင်းပါက ပိုမို၍ကြီးထွားမှု များပါကြောင်း စသည့် လုပ်ဆောင်ရန် အချက်များ သင်တန်း ပို့ချပြီးနောက်၊ မြို့နယ်မြေအသုံးချရေး တာဝန်ခံ ဒေါ်ထွေးမိုး က မြေဆီလွှာ ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နည်းစနစ်များနှင့် သီးနှံအထွက် တိုးတက်ရေး ဆောင်ရွက်ရမည့် နည်းစနစ်များ၊ သီးနှံအတွက် အဓိကလိုအပ်သည့် အာဟာရဓာတ်များ အကြောင်း ဆွေးနွေးပို့ချသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို တာဝန်ရှိသူ တစ်ဦးကလည်း ဓာတ်မြေသြဇာ စျေးနှုန်းမြှင့် တက်နေသောကြောင့် ယခုလို အချိန်ကာလတွင် ဓာတ်မြေသြဇာ ကို နည်းစနစ် မှန်မှန်ကန်ကန်နှင့် လိုအပ်သည့် အချိန်ကိုက် အချိုးညီသုံးစွဲခြင်းဖြင့် ကုန်ကျ စရိတ်လျော့နည်းပြီး ပိုမိုအကျိုးပြုစေရန် ရည်ရွယ်၍ ယခု သင်တန်း ဖွင့်လှစ်ကြောင်း ပြောကြားသွားသည်။
ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲရေးနည်းပညာ သင်တန်းသို့ မြို့နယ်အတွင်းရှိကျေးရွာ အသီးသီးရှိ ဒေသခံတောင်သူ ၆၃ ဦး တက်ရောက် ကြကြောင်း သိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)