လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်းသီးနှံဖရဲစိုက်ခင်းများကို ပို၍ အားထည့် စိုက်ပျိုးလျက်ရှိ

လှိုင်းဘွဲ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သမ္ဘာန်ကျေးရွာ၊ ရွှေဂွန်းအောက်တောကျေးရွာ၊ ဂျို့ချောင်း ကျေးရွာများတွင် ဆောင်းသီးနှံတစ်ခုဖြစ်သည့် ဖရဲစိုက်ခင်း များကို တောင်သူများက အားထည့်၍ ကြိုးစားလုပ်ကိုင် စိုက်ပျိုးနေလျက်ရှိကြောင်း တွေ့ရှိ ခဲ့ရသည်။

လှိုင်းဘွဲ-ဘားအံကားလမ်းနံဘေးရှိ သမ္ဘာန်ကျေးရွာ၌ ဖရဲစိုက်ခင်းကို စိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူ ဦးမောင်ဖြူက "ကျွန်တော့်အနေနဲ့ အခု ဒေသအခေါ် ဒုံးကျည်သီးလို့ခေါ်ကြတဲ့ HERA ဖရဲမျိုးကို (၃) ဧကခွဲစိုက်ပျိုးထားပါတယ်၊ လက်ရှိ ဖရဲ စိုက်ခင်းက ၁၅ ရက်သားရှိနေပါပြီး ပျိုးပင်ချ စိုက်ပြီးတော့ (၅၅) ရက်သားမှာ အသီးရလို့ စျေးကွက်ကို တင်ပို့ရောင်းချလို့ ရပါတယ်၊ ကျွန်တော့်အနေနဲ့က ဖရဲစိုက်ခင်းမှာ ပုလဲဓာတ်မြေသြဇာကို မသုံးဘူး၊ နွားချေးကို မီးရှိုပြီးရတဲ့ပြာနဲ့ သဘာဝမြေသြဇာကိုပဲ အဓိကသုံးစွဲပါတယ်၊ စားသုံးသူတွေဘက်ကို လေးစားပေးရပါတယ်၊ ကိုယ့်စိုက်ခင်းက ထွက်တဲ့ဖရဲသီးတွေ အထားခံအောင်၊ အသားမပွဘဲ စားရတာအရသာရှိအောင် သဘာဝ မြေသြဇာကို မိသားစုလုပ်အားနဲ့ စုပေါင်းလုပ်ပြီး အပင်တွေကို ကျွေးကြပါတယ်၊ အရင်ဖရဲစိုက်ခင်း အဟောင်းကို ထွန်စက်အသေးနဲ့ ထယ်ထွန်၊ ထယ်မွှေပြီးပါပြီး၊ မကြာခင် ဖရဲပျိုးပင်အသစ်တွေ ထပ်စိုက်ကြပါမယ်"  ဟုရှင်းပြသည်။

၎င်းကဆက်လက်ပြီး " ကျွန်တော်တို့အခု ဖရဲစိုက်ခင်းကို ရေသွင်းစိုက်ရတယ်၊ရေကို ကျွန်တော်တို့ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအတွင်းမှာရှိတဲ့ ရေဘုတ်ရေလှောင်တမံက ဆည်ရေကို ရေစုပ်စက်နဲ့ စုပ်တင်ပြီးတော့ စိုက်ခင်းကို ရေပေးကြပါတယ်၊ မိသားစုတွေက ဖရဲစိုက်ခင်းကို နေ့ညအမြဲဂရုစိုက်ပြီး ပြုစုနေကြတော့ ပင်ပန်းခံရတဲ့ အကျိုးကိုတော့ ထိုက်သင့်သလောက် ပြန်ပြီးခံစားရပါတယ်၊ ဖရဲသီးအဝယ်ဒိုင်တွေကတော့ စိုက်ခင်းထိ လာဝယ်ကြပါတယ်၊ ကိုယ်တိုင် လည်း လမ်းဘေးမှာ တဲလေးထိုးပြီး ရောင်းပါတယ်၊ ဘုန်းကြီးကျောင်းတွေနဲ့ ရွာကအလှူပွဲတွေမှာလည်း ဖရဲသီးတွေလှူ ဖြစ်ပါတယ်" ဟု ပြောဆို ရှင်းပြပေးခဲ့သည်။

လင်းသန့်(ပြန်/ဆက်)