မင်းဘူး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ကြက်ခြေနီ အသင်းခွဲ(ငယ်)ရုံးနှင့် စကုမြို့မ ဈေးသစ်ဖွင့်ပွဲအခမ်းအနားတို့ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မင်းဘူး မန်းရေနံမြေမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျက် ခြောက်လတာ ကာလအတွင်း CSR ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်း(၇၀)ဖြင့် တည်ဆောက်ပေးခဲ့သော စကုမြို့ကြက်ခြေနီ အသင်းခွဲ(ငယ်) ရုံးအား မင်္ဂလာအချိန်၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်ခြေနီအသင်းခွဲ(ငယ်) တပ်ဖွဲ့ဝင်များအတွက် ကြက်ခြေနီ ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စကုမြို့ကြက်ခြေနီ အသင်းခွဲ(ငယ်) ဥက္ကဋ္ဌမှ မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးခွန်းမျိုးသန့်ထံ အဆိုပါရုံးအဆောက်အဦ ဆောက်လုပ်ပေးခြင်းတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)ရုံး ဆောက်လုပ် ပြီးစီးမှုနှင့် ရုံးအတွင်းကယ်ဆယ် ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် စကုမြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး စကုမြို့မဈေးသစ် ဆိုင်းဘုတ်အား မင်္ဂလာအချိန်၌ စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ ဈေးသစ်ကြီးတွင် ဈေးရုံကြီး (၄)ရုံ၊ ပျံကျ ဈေးရုံအသေး (၆)ရုံ၊ အလတ်(၂)ရုံနှင့် မှတ်ပုံတင်ဆိုင်ခန်းပေါင်း (၂၅၀)ကျော်ပါဝင်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သန်း(၆၀၀)ဖြင့် အကုန်ကျခံကာ အသစ်ပြန်လည် တည်ဆောက် ပေးခဲ့သည့်အတွက် စကုမြို့၊ မြို့မိ/မြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဈေးသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ဈေးသစ်ကြီးအတွင်း ဒေသခံပြည်သူများနှင့် ဈေးသူ/ဈေးသားများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ အားကစားကွင်း တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ရှင်းလင်း ဆောင်တွင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)