ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ပုလော  ဇန်နဝါရီလ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလောမြို့နယ်ခန်းမတွင်  ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်(၉)နာရီက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို  ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့၀င်များက လိုအပ်သည်များ ကူ ညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါသည် မမြင်နိုင်သော ရောဂါဆိုးကြီးဖြစ်ပြီး၊ အချိန်မရွေး မိမိအသက်ကို ဆုံးရှုံးစေနိုင်သောကြောင့် ထိုးသင့်သောဆေးဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ဆေးကလည်း ဘေးထွက်ဆိုးကျိုးရှိသည်ဟုမခံစားရဘဲ  ပေါ့ပါးလျက်ရှိကြောင်း၊ မိမိဆန္ဒဖြင့်လာရောက် ထိုးနှံခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသည့် တာ၀န်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်းကို ဆေးလာရောက်ထိုးနှံသူ အမှတ်(၄) ရပ်ကွက်မှ ဒေါ်သီတာက ပြောကြားခဲ့သည်။

အေးအေးမော် (ပုလော)