ကမမောင်းမြို့တွင် အိုမီခရွန်အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ကမမောင်း ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင်   ကိုဗစ်-၁၉ ရောဂါ၏‌ နောက်ဆက်တွဲအိုမီခရွန်အကြောင်း အသိပညာပေးစာ‌စောင်များ၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုနည်းများ စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုခံရနိုင်ဖွယ်ရှိသည့် အချက်များကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)