ကလိန်အောင် ဇန်နဝါရီ ၁၁
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံမှု နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှုရှိလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို သတိပြုကြရမည်ဖြစ်သော်လည်းကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ရှားခြင်း၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသော စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်