ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်

ဘားအံ  ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ် ဆောင် ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့စိတ်ပါဝင်စား သည့် အားကစားနည်းများကို တစ်စိုက်မတ်မတ် မလျော့သောဇွဲလုံ့လများနှင့် အခက်အခဲ အမျိုးမျိုးကို ကြံ့ခိုင်သော စိတ်ဓါတ်များဖြင့် ကြိုးစားခဲ့ကြသည့်အတွက် ယခုကဲ့သို့ ထူးချွန် အားကစားသမားများအဖြစ်သို့ ရောက်ရှိတက်လှမ်း နိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ နိုင်ငံတကာ နှင့်ရင်ဘောင်တန်းပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရရှိအောင် ယှဉ်ပြိုင်နိုင်ဖို့ ဆိုသည်မှာ အမှန်တကယ်လွယ်ကူခြင်းမရှိသည့် လုပ်ငန်းတာဝန်တစ်ရပ်ဟု သတ်မှတ်ပြောဆိုနိုင်ပါကြောင်း၊ ထူးချွန် အားကစားသမားများအနေဖြင့် ဒေသတွင်း မျိုးဆက်သစ်လူငယ် လူရွယ်အားကစား သမားများ ပေါ်ထွက်လာစေရန်၊ ပြည်နယ်နှင့်နိုင်ငံဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် စည်းရုံးလှုံ့ဆော် လေ့ကျင့်သင်ကြားပေးသွား ကြရန် တိုက်တွန်းလိုကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အခါအားလျော်စွာ ထူးချွန်ထက်မြတ်သည့် အားကစား သမားများကို အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးခြင်း ထောက်ပံ့ဂုဏ်ပြုချီးမြှောက်ပေးခြင်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက နိုင်ငံဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများကို ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နိုင်ငံဂုဏ်ဆောင်ထူးချွန် အားကစားသမားများ ကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယနေ့အခမ်းအနားတွင် ကရင်ပြည်နယ်မှနေ၍ နိုင်ငံတကာပြိုင်ပွဲများ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိသော အားကစားသမားများနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ စုစုပေါင်း ၃၉ ဦးကို ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအပြီးတွင်  အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး နံနက်စာ အတူ တကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့ အမှတ်(၄)ရပ်ကွက် ယဉ်ကျေးမှု ပြတိုက်လမ်းနှင့် ဇွဲကပင် လမ်းထောင့်တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဈေးဆိုင်ခန်းတည်ဆောက်‌ရေး လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)