ဖလမ်း ဇန်နဝါရီ ၁၀
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းအပ်နှံရေး အသိပေးဆော်ဩဆောင်ရွက်ခြင်း၊ ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့ကို ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးဆော်ဩဆောင်ရွက်ရာတွင် ကျောင်းသား/သူများ အချိန်မီလာရောက် ကျောင်းအပ်နှံရေး အသံချဲ့စက်ဖြင့် ဆော်ဩခြင်း၊ လူစည်ကားသည့် လမ်းဆုံလမ်းခွ၊ ဈေးနေရာများသို့ လှည့်လည်၍ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးပိုစတာစိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု Stay at Home အဖြစ်မှ ဖြေလျော့ပေးသည့် မြို့နယ်တွင် အကျုံးဝင်ပြီးဖြစ်သည့်အပြင် ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်သဖြင့် အခြေခံပညာ ကျောင်းများကိုလည်း ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပညာသင်ကြားလျက်ရှိသည်။
မူလတန်းကျောင်းသား/သူများကို မူလွန်(၁)ကျောင်း ဖလမ်းမြို့နှင့် အမက(၂)ကျောင်း ဖလမ်းမြို့တို့တွင်လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများကို မူလွန်(၃) ကျောင်း၊ ဖလမ်းမြို့တွင်လည်းကောင်း ပညာသင်ကြား လျက်ရှိသဖြင့် ကျောင်းအပ်နှံ ခြင်းမရှိသေးသည့် ကျောင်းသား/သူများကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အတွင်းဖြေ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာမိမိတို့ ကျောင်းအုပ်ကြီးများထံ ဇန်နဝါရီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ လည်းကောင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသား /သူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ ဇန်နဝါရီလ ၁၂ ရက်နေ့နောက်ဆုံးထား၍လည်းကောင်း၊ လျှေက်လွှာပုံစံ ဖြည့်စွက်ရန်အတွက် Passport ဓါတ်ပုံ(၃)ပုံ၊ နဝမတန်းအောင်ခုနှစ်၊ ခုံအမှတ်၊ ကျောင်းအမည်၊ မိဘအမည်နှင့် မှတ်ပုံတင်အမှတ်တို့ လိုအပ်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက 09893711998 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင် မည်ဖြစ်ကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၃၁.၃.၂၀၂၂ရက်နေ့မှ ၉.၄. ၂၀၂၂ရက်နေ့အထိ ဖြေဆိုကျင်းပရန် စာမေးပွဲအချိန်စာရင်း ထုတ်ပြန်ထားပြီး ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလိုသူများအားလုံး တစ်ဦးမကျန် ဖြေဆိုခွင့်ရရှိရေး သတ်မှတ်ကာလအတွင်း အချိန်မီ ဝင်ခွင့်လျှောက်လွှာ တင်သွင်းရန် လိုအပ်ကြောင်းလည်း သိရသည်။
အဆိုပါအသိပေးဆော်ဩဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင် ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုရှိန်း