ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အမျိုးသမီးစက်ချုပ် သင်တန်းအခမဲ့ ဆက်လက် သင်ကြားပေး

ပခုက္ကူ  ဇန်နဝါရီ ၁၀

နည်းပညာနှင့် အတတ်ပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝ ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦတွင် ယနေ့ နံနက်ပိုင်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအမျိုး သမီးစက်ချုပ် သင်တန်း အခမဲ့ ဆက်လက် သင်ကြားပေးကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်နည်းများ အပါအဝင် ထိုင်းစင်တီမီတာနှင့် အဆင့်မြင့် လက်မတိုင်းတာနည်း စသည့် အမျိုးသား၊ အမျိုးသမီးအဝတ်အထည် ဒီဇိုင်းရေးဆွဲနည်းများ ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချ ပေးခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်နှင့် ကျေးရွာများမှ သင်တန်းသူ ၂၃၅ ဦး တက်ရောက်ကြကြောင်း၊ သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သင်တန်းနည်းပြ ပရဟိတဆရာမ မအိဦးဆောင်သော နည်းပြဆရာမ ငါးဦးတို့က ပို့ချသင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းကို ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ(အခမဲ့) ဆေးခန်းနှင့် အရေးပေါ် လူနာတင်ယာဉ်ကူညီမှု အဖွဲ့ဝင်များပူးပေါင်း၍ အခမဲ့ဖွင့်လှစ် ပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များ နှင့်အညီဖြစ်စေရေး ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်း၊ သင်တန်းခန်းမ အပေါက်ဝတွင် လက်ဆေးဘေးစင်ထားရှိခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် သင်တန်းသူများအား အဖွဲ့ငါးဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ၂ နာရီကြာ သင်ကြားပေးကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း မိမိနေအိမ်တွင် နေထိုင်းရင်း ကိုယ်ပိုင်အလုပ်အကိုင် အခွင့်အလမ်းမှတဆင့် တပိုင်တနိုင် မိသားစုဝင်ငွေရရှိစေမည့် သင်တန်းများ၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အမှန်တကယ်လိုအပ်မည့် သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ(အခမဲ့)ဆေးခန်းနှင့် အရေးပေါ် လူနာတင်ယာဉ် ကူညီမှု အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးတင်အောင်ကြည်ထံက သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)