ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် (၅’×၅’×၂၆’) Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ပိုင်ကျုံ   ဇန်နဝါရီ   ၁၀

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်းဆက် လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြု ရန်ပုံငွေကျပ် (၁၈.၈၂၅)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းကို သုမွဲထအောင်မြေကုမ္ပဏီမှ တာ၀န်ယူ ဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်‌ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)