အိမ်မဲ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိ စစ်ဆေးရန် အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က “မြို့နယ်အတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အားနည်းနေကြောင်း၊ ဆိုင်ကယ်များ အေဇောဖွင့်ကာ မောင်းနှင်နေသောကြောင့် အများ ပြည်သူများ စိတ်မချမ်းမြေ့စရာဖြစ်ကြောင်း၊ မြို့တွင်းသို့ ဆီဘောက်ဆာယာဉ်များ၊ ကုန်တင်ယာဉ်များ စည်းကမ်းမရှိပဲ ဝင်ရောက်နေသော ကြောင့်ကွန်ကရစ်လမ်းများ ပျက်စီးမှုဖြစ်ပေါ်၍ ၁၂ တန်အထက် ကားများကို မြို့တွင်းသို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း၊ စျေးထိပ်(၂)လမ်းတွင် တစ်လမ်းမောင်းစနစ် ပြန်လည်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ မြို့တွင်းသို့ ဝင်ရောက်သွားလာမည့် ထော်လာဂျီယာဉ်များ ကုန်သည်ဆောင်ရာ၌ (၁)တန်ထိသာ ခွင့်ပြုပြီး သတ်မှတ်မိုင်နှုန်းထက် အရှိန်ပြင်းစွာ မောင်းနှင်သူများကို စစ်ဆေးအရေးယူရန်၊ မြို့နယ်အတွင်း အပြင်ထွက်သွားလာကြသည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာမှုရှိ/မရှိ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပညာပေးကာလ ဆောင်ရွက်မည် ဖြစ်ပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိစစ်ဆေးခြင်းကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ယနေ့မှ စတင်၍ “ယခုဝယ်၊ ယခုတပ်”စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)