ပုံပါကျင် ဇန်နဝါရီ ၁၀
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဥ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁) ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်များသို့ သွားရောက်နှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)