အောင်လံ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒါန်းဒေါင့်ကျေးရွာအုပ်စု စာသင်ကျောင်းဝန်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုလဝကမှူး ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်မှုတွင် ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်(၂)ဖြည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ အမှုတွဲတည်ဆောက်ခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဒါန်းဒေါင့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်၃က(၉၄)ဦး၊ နိုင်၆က(၂၁)ဦး၊ လဲလှယ်(၂၂)ဦး၊ မိတ္တူ(၁၁)ဦးစုစုပေါင်း(၁၄၈)ဦး တို့အားပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)