ကော့ကရိတ် ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အထက (၂)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်မာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ က ကာကွယ်ဆေး မထိုးနှံမီ ကိုယ်အပူအချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းနှင့် စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်းနှင့် ကော့ကရိတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ် သည့် အထက (၁)၊ အထက (၂)၊ အထက (ခွဲ) ဝင်းကြီး၊ အထက (ချောင်းတောင်)၊ အထက (တောင်ပေါ်ရပ်)၊ အထက (လှိုင်ဝ)၊ အလက (လှိုင်ကွယ်)၊ အထက (ခွဲ) လှိုင်ဝ၊ မူ/လွန် (မြောက်ကြာအင်း)စသည့် ကျောင်းများရှိ အသက် (၁၂)နှစ် နှင့် အထက် ကျောင်းသား/သူ စုစုပေါင်း (၂၆၂) ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ကျောင်းသား/သူ စုစုပေါင်း (၆၃၁၉) ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)