ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်     ဇန်နဝါရီ     ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးနှင့်အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့နေ့လည် (၁၀)နာရီ ခွဲအချိန်မှ စ၍ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်  ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉  မျိုးကွဲသစ်  အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို အသံချဲ့ စက်ဖြင့်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်မှုဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာမြို့ပေါ် ရပ်ကွက်ရှိလူစည်ကားရာ လမ်းဆုံနေရာများတွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုနှုန်းသည် ယခင်က ထက် လျော့နည်းလာပြီဖြစ်သော်လည်း ရောဂါကင်းစင်ပပျောက်မှုမရှိသေးသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင် လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းလုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေထွက်ခွါပါက (Mask) နှာခေါင်းစည်းစနစ် တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ် များသို့ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို  ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ အသုံးပြုပြီးသော(Mask)နှင့်တစ်ခါသုံးပစ္စည်းများကို နေအိမ် အပြင်တွင်စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ရှောင်ကျဉ်ရန်စသည်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ် တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရ သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)