ကျောင်းကုန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား(၃)ခု ရရှိသော ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်းက ယခုလို မြို့နယ်ဂုဏ်ဆောင်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ လာမည့်စိန်ရတုပြည်ထောင်စု နေ့တွင် အားကစားပြိုင်ပွဲများ စည်ကားစွာ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောကြားပြီး၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က ထူးချွန်သည့် အားကစားသမားများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းအုပ်ချုပ်သူ မြို့နယ်အားကစားမှူး ဦးထွန်းထွန်းဝင်းက ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး၊ အသင်းအုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင်အားကစားသမားများက တာဝန်ရှိသူများထံ တံခွန်စိုက်ဆုဖလားများ အပ်နှံခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ဂုဏ်ဆောင် ပြေးခုန်ပစ်လက်ရွေးစင်အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုဆုငွေကျပ် (၇)သောင်းစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အမျိုးသား ပြေးခုန်ပစ်အသင်း တံခွန်စိုက်ဆု၊ အမျိုးသမီးပြေးခုန်ပစ်အသင်း တံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း တံခွန်စိုက် ဆုဖလား စုစုပေါင်း(၃)ခု ရရှိခဲ့ပြီး၊ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)