နတ်မောက် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လဲဘူးကျေးရွာရှိ ဒေသခံပြည်သူများက မိရိုးဖလာမိသားစု တနိုင်တပိုင် လုပ်ငန်းဖြစ်သည့် ဖျာယက်လုပ်ခြင်းလုပ်ငန်းကို နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင် ရောင်းချပြီး မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖျာယက်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုန်ကြမ်းဖြစ်သည့်ဝါးနှီးများကို ပေါက်ခေါင်း၊ စလင်းမြို့နယ်၊ စကုမြို့နယ် များမှဝယ်ယူရပြီး နှီးအမျိုးအစား (၃) မျိုးရှိပြီး ကုန်ချောအဖြစ် နှီးချောဖျာ၊ နှီးအူဖျာ၊ ယိုင်လိတ်များ ယက်လုပ်ပြီး နတ်မောက်မြို့၊ ပျော်ဘွယ်မြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့နှင့် စစ်ကိုင်းမြို့များသို့ ဖောက်သည်ပေး ရောင်းချရကြောင်း သိရသည်။
လဲဘူးကျေးရွာမှထွက်ရှိသည့် ဖျာများအား ဖောက်သည်ဈေးအဖြစ် နှီးချောဖျာ အသေးတစ်ချပ်လျှင် (၆၀၀၀)ကျပ်၊ နှီးချောဖျာအကြီး တစ်ချပ်လျှင် (၁၀၀၀၀)ကျပ်၊ နှီးအူဖျာ တစ်ချပ်လျှင် (၃၅၀၀)ကျပ်နှင့် ယိုင်လိတ်တစ်လိပ်လျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် ပေးပို့ ရောင်ချပြီး ဖျာယက်လုပ်ငန်းကို တန်ဆောင်မုန်းလမှ တန်ခူးလအထိယက်လုပ်ကြောင်း နှစ်စဉ်ဖောက်သည်မပျက် မိသားစုများ တနိုင်တပိုင် လုပ်ကိုင်ခြင်းကြောင့် အပိုဝင်ငွေရရှိပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း လဲဘူကျေးရွာမှ ဖျာယက်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းအောင်ထံက သိရသည်။
သင်းသင်းမြတ်