ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

ဟင်္သာတ    ဇန်နဝါရီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယမန်နေ့က အိပ်ပျက်ကျေးရွာအုပ်စု၊ အလယ်စုကျေးရွာရှိ အ.လ.က (အိပ်ပျက်ကျောင်း) ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုခရိုင်ဦးစီးမှုး ဦးကျော်ကျော်ဦးက ပြည်သူများနှင့် တွေ့ဆုံ၍ “မိမိတို့ဌာန အနေနှင့် ယနေ့နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ အုပ်စုရှိ ပြည်သူများထံအရောက် အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်ကတ်ပြားများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် ကိုင်ဆောင်ရမည့် စီစစ်ရေးကတ်ပြားများ အိမ်ထောင်စုစာရင်းများသည် အလွန်အရေးကြီးပါကြောင်း ထို့ကြောင့် ပြည်သူများကလည်း အထူးဂရုပြု ထိမ်းသိမ်းကာ ကိုင်တွယ်ကြစေလိုကြောင်း” ပြောကြားခဲ့ သည်။ 

ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြင့်အောင်က ပန်းခင်းစီမံချက် ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ကတ်ပြား ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အဆိုပါ ကျေးရွာအုပ်စုတွင်းနေ ပြည်သူ(၂၃၄)ဦးတို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇော် (ဟင်္သာတ)