မင်းဘူး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင်ကျေးရွာတွင် ပဲတီစိမ်းသီးနှံများ နည်းစနစ် မှန်ကန်စွာ စနစ်တကျ စိုက်ပျိုးနေပြီဖြစ်တဲ့အတွက် ပဲတီစိမ်းများ အထွက်နှုန်း ကောင်းသလို ဈေးနှုန်းလည်း ကောင်းသောကြောင့် အဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ဇင် ကျေးရွာ တောင်သူများထံမှ သိရသည်။
ပဲတီစိမ်းသီးနှံသည် စိုက်ပျိုးသူများသကဲ့သို့ ပြည်တွင်းဈေးကွက်လည်း ဈေးကောင်း ရရှိနေသော သီးနှံဖြစ်သည်။ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးကြသူများရှိသလို မြေကြီး အတွင်းရှိ မြေအစိုဓာတ်ကိုဖမ်းပြီး စိုက်ပျိုးကြသူများနှင့် ရေသွင်းစိုက်ပျိုးကြသူများလည်း ရှိသည်။ ရေသွင်းစိုက်ပျိုးနည်းသည် ပန်းပွင့်ချိန် သီးတောင့် အစေ့အဆံရင့်ချိန် ရေပေးနိုင်လျှင် ပို၍ကောင်းသည်။
ပဲတီစိမ်းပင်များသည် စိုက်ပျိုးချိန်၊ မျိုးစေ့ချချိန်၊ အပွင့်ပွင့်ချိန်၊ အစေ့တည်ချိန်များသည် ရေလိုအပ်ချိန်များ ဖြစ်သည်။ သို့သော် ရေသွင်းသည့်ပမာဏ သင့်တင့်မှန်ကန်မှု ရှိမှသာ အပင်ဖြစ်ထွန်းမှု ကောင်းသည်။ မျိုးစေ့မှ အပင်ပေါက်ပြီး နှစ်လသားအတွင်း အစိုဓာတ်လုံလောက်မှု ရှိရမည်။ ပန်းပွင့်ချိန်မှ ရိတ်သိမ်းချိန်အထိ မြေအစိုဓာတ် အနည်းငယ်နှင့် အေးမြနေလျှင် အထွက်နှုန်းကောင်းသော်လည်း ပန်းပွင့်ချိန် အပူချိန် မြင့်မားလျှင်တော့ အထွက်နှုန်းကို ထိခိုက်နိုင်သည်။
ယခုနှစ်တွင် ပဲတီစိမ်းများပေါ်ချိန် တစ်တင်းလျှင် ၄၁၀၀၀ ကျပ်ဈေးမှ အနည်းငယ် ကျဆင်းလာကာ ယခုအခါ တစ်တင်းလျှင် ၃၈၀၀၀ ကျပ်ဈေးသာ ရောင်းချရကြောင်း တောင်သူ ကိုဘိုကြီးထံမှ သိရသည်။
မင်းဘူးမြို့တွင် ပွဲရုံများစွာ ရှိသော်လည်း ဈေးများမှာ ညှိထားသကဲ့သို့ ပွဲရုံတစ်ရုံနှင့် တစ်ရုံကျပ် ၅၀၀ လောက်သာကွာပြီး ဈေးအသင့်အတင့်ရရှိကာ အထွက်နှုန်းလည်း ကောင်းသောကြောင့် အဆင်ပြေကြကြောင်း မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင်ကျေးရွာ တောင်သူများထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)