ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ဆဋ္ဌမ အသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ    ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍  ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်းကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း၊  အလကကျောင်း၊  အလက(ခွဲ) ကျောင်းနှင့် မူ(လွန်)ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ် အထက်  ကျောင်းသားကျောင်းသူများအား ကျန်းမာပျော်ရွှင်ပြီး  စိတ်အေးချမ်းသာစွာ  ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအာအရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် (၃၄၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား  ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး မှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံမည့်‌ ကျောင်းသား/သူများအား ဆေးမထိုးခင်ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ လွယ်ကူစေရေးအတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)