ကြက်သွန်စိုက် တောင်သူများ ဈေးကောင်းရရန်မျှော်လင့်

မင်းဘူး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများ ကြက်သွန်များ စိုက်ပျိုး ထားကြသော်လည်း ပေါ်သည့်အချိန်တွင် ဈေးကောင်းရရန် မျှော်လင့် လျက်ရှိကြသည်။

ကြက်သွန်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်း ကုန်ကျကြောင်း၊ ပျိုးပင်မှစ၍ စိုက်ပျိုးပါက သုံးလကျော်အကြာတွင် တူးဖော်ရောင်းချလို့ရကြောင်း၊ တစ်ဧကလျှင် ကြက်သွန်ထွက်ရှိမှု ပိဿချိန် ၅၀၀၀ အထိ ထွက်ရှိသည်ဟုဆိုကြောင်း၊ သို့သော် မြေအနေအထားနှင့် အပင်ကောင်းမှုညံ့မှုအပေါ်တွင် မူတည်၍ အထွက်နှုန်း အမျိုးမျိုး ရှိကြောင်း၊ ကြက်သွန်ဈေးမှာ နှစ်စဉ်ပြောင်းလဲနေပြီး ပြည်ပဝယ်လက်များရှိသည့်နှစ်တွင် ကြက်သွန် ဈေးကောင်းကြောင်း၊ ထို့ကြောင့် ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် ဈေးကောင်းရရန် မျှော်လင့်၍ စိုက်ပျိုး၍ နေကြရကြောင်း ကန်ရေကျေးရွာမှ ကြက်သွန်နီ စိုက်တောင်သူ ဒေါ်မြကြည်က ပြောပြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ယခင်က ရွှေတပင်၊ ကျောက်တန်း၊ ရေမျက်၊ ကန်ရေ၊ ကုန်းသာနှင့် စကုနယ်တစ်ဝိုက်မှ ကျေးရွာများတွင် ကြက်သွန်အများအပြား စိုက်ပျိုး ကြသော်လည်း ယခုအခါ ဈေးအတက်အကျ မတည်ငြိမ်သော ကြက်သွန်ဈေးကြောင့် ချိန်ဆ၍ စိုက်ပျိုးနေရကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)