ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ရှေးဦးပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲ ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်း က သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ယူလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးဇော်ဝင်းခိုင် က သင်တန်းတွင် ဖွင့်လှစ် သင်ကြားပေးမည့် အခြေခံရှေးဦးပြုစုနည်းဆိုင်ရာများ အကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးဇော်ဝင်းခိုင် ဦးဆောင်၍ သင်တန်း နည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး အသက်ကယ် ‌အခြေခံရှေးဦးပြုစုနည်းစနစ်များ၊ ထိခိုက်ဒဏ်ရာ အခြေခံရှေးဦးပြုစုနည်း စနစ်များ၊ ရှာဖွေကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကြက်ခြေနီတပ်ဖွဲ့၏ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြား ပေးခဲ့ကြသည်။

အဆိုပါ အခြေခံရှေးဦးပြုစုနည်း သင်တန်းသို့ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ အခြေခံရှေးဦးပြုစုနည်းပညာ စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းအား ယနေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)