ဖာပွန် ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မောင်ကျေးဇူးရေးသားထားသော" ဘ၀နေတတ်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေး သည့်စာအုပ်သည် လူငယ်များအနေ ဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိ သည့်ဘ၀ရဲ့စိန်ခေါ်မှုကို ရယ်မောခြင်းအနုပညာဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ရယ်မောစရာ အစွမ်းကြောင့်ဟန်ဆောင်မှုများကို ထိုးဖောက်စွာဖယ်ခွာပစ်နိုင်ကြောင်း၊ ရယ်သောသူ အသက် ရှည်မည်၊ ပျော်ပျော်နေသေခဲ၊ ရယ်မောစရာဟာ အသက်ရှည်ဆေးတစ်မျိုးဖြစ်ကြောင်း စသည့် အကြောင်းအရာများကို အကျဉ်းချုပ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)