ပခုက္ကူမြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရှစ်ထောင်ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ခြောက်ရာကျော် ဆောင်ရွက်ပြီးစီး

ပခုက္ကူ ဇန်နဝါရီ ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးက “ပန်းခင်း” စီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရှစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ခြောက်ရာကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့အထိ အသက်၁၆နှစ်နှင့် ၁၈နှစ်အကြား နိုင်ငံသား စိစစ်ရေးကတ်ပြား ၄၆၇ကတ်၊ အသက်၁၈နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၄၇၈ကတ်၊ တရားဝင်အိမ်ထောင်စုလူဦး ရေစာရင်း ၆၀၃ခု၊ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့်ရ (Mတံဆိပ်ပါ) အိမ်ထောင်စုလူဦးရေစာရင်း ၇၀ခု၊ စုစုပေါင်းနိုင်ငံသားစိစစ် ရေးကတ်ပြား ၈၉၄၅ကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်း ၆၇၃ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကိုလည်း ၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်အထိ အပြီးသတ် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုး ထွန်းက ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက် လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက် ရှိသူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး