ထား၀ယ် ဇန်နဝါရီ ၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ရှေးဟောင်းသုတေသီအဖွဲ့တို့ ပူးပေါင်း၍ ထားဝယ်တိုင်းရင်းသား ဓလေ့ထုံးတမ်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။
စာဖတ်ခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝခြင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းအားဖြင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေမှရရှိသော အသိပညာဗဟုသုတများကို လူ့ပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း စသည့် ရည်ရွယ်ချက်ဖြင့် အခမ်းအနားကျင်းပခြင်း ဖြစ်သည်။
ထို့နောက် ထားဝယ်ရှေးဟောင်းသုတေသီအဖွဲ့မှ နောန်အောင်မျိုးက ထားဝယ်သည် ပုဂံဘုရင်များလက်ထက်ကတည်းက မြန်မာ့မြေ၊ မြန်မာ့ရေဖြစ်သည်ကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ ဥဩအော်သည်၊ ထားဝယ်တည် ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ၊ ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် ထားဝယ်မြို့ကို ဦးနဲလှတည်ခဲ့ပြီး မြို့တည်စဉ်က မြို့အမည်ကို“ သာယာဝတီမြို့"လို့ အမည်ပေးခဲ့ကြောင်း၊ ထားဝယ်လူမျိုးပေါ်ပေါက်လာပုံသမိုင်းအကြောင်း၊ ယနေ့ခေတ် ထားဝယ်တိုင်းရင်းသားလူငယ်များအနေဖြင့် တိုင်းရင်းသားလူငယ်များအကြား နယ်ပယ်အသီးသီးတွင် ပြော ဆိုဆက်ဆံကြသောအခါ၌ ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် မိမိလူမျိုးများအကြောင်းကို ရဲရဲဝင့်ဝင့်ပြောနိုင်အောင် တိုင်းရင်း သားဓလေ့ထုံးတမ်းစာအုပ်ကို မိတ်ဆက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်း၊ ခရိုင်ဦးစီးမှူး/ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူနှင့် ဝန်ထမ်းများ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကေကေအယ်လ်(ထားဝယ်)