ဘားအံ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့လှိုက်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် လယ်ယာမြေများ၌ မိုးသီးနှံများစိုက်ပျိုးပြီး သီးထပ်အဖြစ် ဆောင်းသီးနှံဖြစ်သော မြေပဲများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းမြေပဲများကို တန်ဆောင်းမုန်းလဆန်းတွင် စိုက်ပျိုးကြပြီး မြေပဲများကို အဖြူဆံ၊ အနီဆံ ဟူ၍(၂)မျိုး ခွဲပြီး စိုက်ပျိုးကြသည်။ မြေပဲတစ်ဧကလျှင် အပင်ဦးရေ(၁)သိန်းကျော် ဝင်ဆန့်အောင် စိုက်ပျိုးကြကြောင်း၊ မြေပဲအနီ ၁ဧက ၈၀တင်းနှင့် မြေပဲအဖြူ ၁ဧက ၁၂၀တင်းထိ ရရှိကြောင်း၊ ဆောင်းမြေပဲများ စိုက်ပျိုးပြီး (၁၀)ရက်ကြာလျှင် ပေါင်းသင်ခြင်း လုပ်ငန်းဆောင်ရွက်ကြပြီး၊ အပင်မှအပွင့်ပွင့်ချိန်တွင် ကျောက်မှုန့်မြေဩဇာ (အိတ်ဝက်)ကို အပင်ခြေတွင် ထည့်ပြီး ဘောင်လုံးပေးခြင်း၊ ကျောက်မှုန့်ထည့်သည့် အချိန်ကာလသည် နောက်ဆုံး ပေါင်းရှင်းပြီးကာလနှင့် အစိုဓာတ်ရှိစေရန်သတိပြုရကြောင်း၊ မြေပဲပင်တွင် သက်တမ်းပြည့်ပါက အရွက်များဝါလာပြီး၊ ထိုသို့အရွက်များဝါလာပါက ရိတ်သိမ်းပြီး မြေပဲတောင့်များကို နေလှန်းအခြောက်ခံရကြောင်း၊ မြေပဲများ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ စိုက်ပျိုးစရိတ် (၁၅၀၀၀၀) ကျပ်ကုန်ကျပြီး ရောင်းချသည့်အချိန်တွင် ငွေကျပ် (၁၂၀၀၀၀၀) သိန်းအထိ ရရှိသည့်အတွက် မြေပဲကိုအများဆုံး စိုက်ပျိုးကြကြောင်း ကော့လှိုက်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးအောင်ကိုကိုထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)