အထက်မင်းလှ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်သည် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများအား ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က အမှာစကား ပြောကြားရာတွင် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာမှုများ၊ လက်ရှိ အုပ်ချုပ်ရေးစနစ် အခြေအနေများ၊ အုပ်ချုပ်ရေးစနစ်တွင် အဓိကကျသည့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ အခွန်ကောက်ခံရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၏ နယ်မြေဒေသဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်/ကျေးရွာများအတွင်း လိုအပ်ချက်များအား တင်ပြခဲ့ကြရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)