မြင်းမူမြို့နယ်တွင် ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်လျှက်ရှိ

မြင်းမူ     ဇန်နဝါရီ     ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုအခါ  ဆောင်းကုလားပဲ များစိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်းလျှက်ရှိ စိုက်ပျိုးတောင်သူများအနေဖြင့်ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြသည်။

ယခုအခါ   ဒေသခံတောင်သူများအနေဖြင့်   အထွက်နှုန်းပိုမိုကောင်းမွန်သည့် (၉၂၂) မြန်မာမျိုးဒေသအခေါ် (အနီ) မျိုးကိုအများအပြားစိုက်ပျိုးကြကြောင်း၊ကုလားပဲ(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး(၃)တင်းအပါအဝင် တောင်သူစရိတ်၊ ဆေးဝါးအသုံးပြုခ၊နှုပ်သိမ်း အပြီး ငွေကျပ် (၅၅၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊   တောင်သူအများစုမှာ သီတင်းကျွတ်လတွင် စိုက်ပျိုးကာ ပြာသိုလအတွင်နှုပ်သိမ်းကြကြောင်း၊  အထွက်နှုန်းအနေဖြင့်(၁)ဧက ပျှမ်းမျှ တင်း(၄၀)ထွက်ရှိကြောင်း၊ ယမန်နှစ်တွင်ကုလားပဲ(၁)တင်းဈေးမှာငွေကျပ် (၆၀၀၀၀) ဈေးရရှိ ခဲ့၍ ယခုနှစ်တွင်လည်း ဈေးကောင်းရရန်မျှော်လင့်ကြောင်း၊ မြင်းမူမြို့ တပင်ရွှေထီးရပ်မှ ကုလားပဲစိုက်ပျိုးတောင်သူ ဒေါ်စန်းစန်းထံမှသိရှိရသည်။

မြင်းမူမြို့နယ်တွင်   ပဲမျိူးစုံ(၃၇၀၂၅)ဧကစိုက်ပျိုးရန်လျှာထားခဲ့ရာ  ဒီဇင်ဘာလကုန် ကွင်းမပိတ် အချိန်ထိ(၃၅၂၇၃)ဧကကို  စိုက်ပျိုး ထားရှိပြီးဖြစ်ကြောင်းနှင့် ကုလားပဲ အနေဖြင့် စိုက်ပျိုးရန်လျာထား (၁၄၅၄၀)ဧကအနက် ကွင်းမပိတ်ချိန်ထိ (၁၄၃၁၈)ဧက ကိုစိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိပဲစိုက်မြေများတွင်လည်း  ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိူးလျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှုးဦးရဲမြင့်သိန်းထံမှ သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)