ဆင်ပေါင်ဝဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က မကျီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)