ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်ကျေးရွာသို့ သွားရောက်ပြီး အသံချဲ့ စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ အလုံပိတ်အခန်းများနှင့် လေဝင်လေထွက် မကောင်းသော အခန်းများသို့သွား ရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ် ကြောင့်ကြမှုမရှိဘဲ ပြည်သူတစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် စသည့် အသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)