ကော့ကရိတ် သြဂုတ် ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သိသင့်သိထိုက်သည့် အချက်အလက်များကို သိရှိစေရန်ရည်ရွယ်၍ အရပ်ဘက်လူမှုအဖွဲ့အစည်း KSCN ကော့ကရိတ်နှင့် PANNA INSTITUTE၊ STEPDEMOCRACY တို့ပူးပေါင်း၍ ယမန်နေ့က မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို အမှတ် ၄ ရပ်ကွက်၊ တောင်ပေါ်ကျောင်းဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကော့ကရိတ်မြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း (KSCN) တို့မှ ဦးစိုးသိန်း၊ ဒေါ်နော်သကော်ထူး၊ PANNA INSTITUTE မှ ဦးသီဟမောင်မောင်တို့က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမေးပေးနိုင်ရေး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်ရေး၊ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံ့သားကောင်းဆိုင်ရာ စံနှုန်းများနှင့်မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာများကိုဆွေးနွေးပို့ချခြင်းနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ စိတ်ဝင်စားသူများ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)