ပူတာအို ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီအတွင်း လုပ်ငန်းတာ၀န်နှင့်၀တ္တရားများ၊ ကော်မတီအတွင်း ဆပ်ကော်မတီဖွဲ့စည်းခြင်းနှင့် ဆပ်ကော်မတီ၏ လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများ ရေးဆွဲကာ အတည်ပြုနိုင်ရေးအတွက် ခရိုင်လူငယ်ရေးရာ ကော်မတီ၀င်များ ပထမအကြိမ် တွေ့ဆုံခြင်းနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲအတည်ပြုဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးသန့်ဇင်က အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဇော်လင်းအောင် က လူငယ်မူဝါဒ ပေါ်ပေါက်လာပုံ ဖြစ်စဉ်အား ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် မဘောက်မိုင်က လူငယ်ရေးရာ မူဝါဒမိတ်ဆက်ခြင်းနှင့် မဟာဗျူဟာစီမံချက်များအား ရှင်းလင်းဆွေးနွေးပြီး ခရိုင်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲ တက်ရောက်လာသူများက ပူတာအိုခရိုင် အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက ဩဂုတ်(၂၂)ရက်မှ (၂၃)ရက်နေ့အထိ နှစ်ရက်တာ ဆွေးနွေးရေးဆွဲခဲ့သည့် အချက်များအပေါ် အပြန်အလှန် ဆွေးနွေးကာ အတည်ပြုဆွေး နွေးခဲ့ကြသည်။
ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ် ငါးမြို့နယ်မှ လူငယ်ရေးရာ ကော်မတီ ကိုယ်စားလှယ်များ၊ ရ၀မ်၊ လီဆူ၊ ဂျိမ်းဖော၊ ခန္တီးရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း (၂၃)ဦးတို့က ကော်မတီအတွင်း လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများအား ဆွေးနွေးခြင်း၊ ကော်မတီအတွင်း ဆပ်ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ဆပ်ကော်မတီ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲခြင်း၊ ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီကို ၂၀၁၉-ခုနှစ် နို၀င်ဘာ(၂၁)ရက်နေ့တွင်စတင်ဖွဲ့စည်း ခဲ့ပြီး ခရိုင်လူငယ်ရေးရာ ကော်မတီအား လူငယ် ၆၀ရာခိုင်နှုန်း ဌာနဆိုင်ရာ ၄၀ရာခိုင်နှုန်း၊ လူဦးရေအရ လူငယ်(၁၅)ဦး ဌာနဆိုင်ရာ(၁၀)ဦး စုစုပေါင်း(၂၅)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)