မကွေး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ်ရုံးမှ ဝန်ထမ်းများက မကြီးခြေထောက် ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်း ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်သည် မကြီးခြေထောက်ကျေးရွာရှိ ဒေသခံ ပြည်သူ(၁၅၀)ဦးခန့်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မိမိတို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များ နှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့်ကိုင်ဆောင်ထိုက်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များအား တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများအား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေးမြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မကြီးခြေထောက်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် ကျား(၂၉)ဦး၊ မ(၅၄)ဦးနှင့် အသက်(၁၈)နှစ်ပြည့် ကျား(၁၀)ဦး၊ မ(၅၁)ဦး စုစုပေါင်း(၁၄၄)ဦး အား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)