ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာမိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်း အောင်သုခ ရပ်ကွက်ရှိ လူစည်ကားရာ နေရာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက် ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှမိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်း ဆက်သွယ်ပါ စသည့် အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)