ကလေးမြို့တွင် ပြည်သူများအားတွေ့ဆုံ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်များပြုလုပ်ခြင်း အခမ်းအနားကျင်းပ

ကလေး ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ကလေးတပ်နယ်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ နတ်သျှင်နောင် ခန်းမတွင် ပြည်သူများအား တွေ့ဆုံ၍  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ခြင်း အခမ်းအနား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသကွက်ကဲရေး စစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးကြီးသန့်စင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ကလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ခရိုင်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေး လုပ်ငန်းမှ ခရိုင်အင်ဂျင်နီယာမှူး ဦးမျိုးအောင်နိုင်မှ ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ ဒေသခံပြည်သူများမှ ရပ်ရွာ၏လိုအပ်ချက်များတင်ပြကြရာ တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးနှင့် ဝန်ထမ်းများမှ ပြည်သူများအား ပန်းခင်းစီမံချက် ဆောင်ရွက်ပေးရာ အသက်(၁၆)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ပျောက်ဆုံး ပျက်စီးသူ များအား မိတ္တူပြုလုပ်ပေးခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေး (ခရိုင်ပြန်/ဆက်)