ဆောင်းသီးနှံ ပဲမျိုးစုံ (မြေထောက်ပဲ) နှင့် ဆီထွက်သီးနှံ (နေကြာ) သီးညှပ်စံပြကွက် ကွင်းသရုပ်ပြပွဲ ပြုလုပ်

အင်းတော်  ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဆောင်းသီးနှံ ပဲမျိုးစုံ ( မြေထောက်ပဲ ) နှင့် ဆီထွက် သီးနှံ (နေကြာ) သီးညှပ် စံပြကွက် ကွင်းသရုပ်ပြပွဲကို ၂၀၂၂ ခုနှစ် ၊ ယမန်နေ့နံနက်ပိုင်းက အင်းတော်မြို့ ကွင်းအမှတ် ၁၀၃၄ ကွင်း၊ တောင်သူ ဦးဝင်းဖေ၏ မြေထောက်ပဲ (ဒေသမျိုး)၊ နေကြာ (ဆင်းရွှေကြာ-၂) သီးညှပ်စိုက်ခင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ လျာထားဧကမှာ ( ၅၃၉၇၄ ) ဧကဖြစ်ပြီး၊ နွေစပါး (၈၄၂) ဧက၊ ဆီထွက်သီးနှံ (၃၇၅၉၁) ဧက၊ ပဲမျိုးစုံ (၇၃၅၇) ဧက စိုက်ပျိုးနိုင်ရန် လျာထားပါကြောင်း၊ ယနေ့ အချိန်အထိ နွေစပါး ပျိုးထောင်ဧကပေါင်း (၅၂၅) ဧကစာ ပျိုးထောင်ထားရှိပြီးဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ အနေဖြင့် (၃၄၂၁၀) ဧက၊ ပဲမျိုးစုံ (၅၁၈၃) ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အနေဖြင့် ဆန်ဖူလုံမှု (၁၉၅) ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၅၇၁) ရာခိုင်နှုန်း၊ ပဲမျိုးစုံ ဖူလုံမှု (၂၀၉) ရာခိုင်နှုန်း ရှိပါကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးတက် ရရှိစေရန် ပဲမျိုးစုံ စိုက်ဧကများတွင် ဆီထွက်သီးနှံများ သီးညှပ်စိုက်ပျိုးလျက်ရှိရာ သီးညှပ် စိုက်ဧက (၇၂၀၃) ဧက ရှိ၍ စုစုပေါင်း စိုက်ဧက၏ (၈) ရာခိုင်နှုန်း သီးညှပ်စိုက်ပျိုးထားရှိပြီး ဖြစ်ပါကြောင်း၊ ဟင်းသီးဟင်းရွက် လုံလောက်စွာ စားသုံးနိုင်ရေးအတွက် လျာထားဧက (၄၄၂၅) ဧက အနက်မှ ယနေ့အထိ (၂၈၅၀) ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း အင်းတော်မြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသာဆန်းက ပြောသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင် ဝန်ထမ်းများ ဒေသခံတောင်သူများက ဆောင်းသီးနှံ ပဲမျိုးစုံ (မြေထောက်ပဲ) နှင့် ဆီထွက်သီးနှံ (နေကြာ) သီးညှပ် စံပြကွက်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ